Blog Title

Wednesday, February 12, 2014

Kuki ပြည်နယ်ရရှိရေးလှုပ်ရှားမှု အားပေးထောက် ခံကြောင်း မီဇိုရမ် NGO တွေပြော

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် မဏိပူရ်ပြည်နယ်တွင် Kuki ပြည်နယ် ရရှိရေး အတွက် လှုပ်ရှားနေကြသော Kuki State Demand Committee (KSDC) အဖွဲ့၏ လှုပ်ရှားမှုကို အားပေးထောက်ခံကြောင်း မီဇိုရမ်ပြည်နယ်ရှိ အစိုးရ မဟုတ်သော NGO များက ပြောဆို လိုက်သည်။
KSDC ဥက္ကဌ Hejang Haokip ဦးဆောင်သော KSDC ခေါင်းဆောင်တချို့ သည် မီဇိုရမ်ပြည် နယ်သို့ ရောက်ရှိလာကြပြီး ဒေသတွင်းအခြေစိုက် အဲန်ဂျီအို များဖြစ်ကြသော Zo Reunification Organization (ZORO),  Mizo Student Union( MSU) , Mizo Hmeichhia Insui khawm Pawl(MHIP), Mizo Upa Pawl (MUP) နှင့် Mizo Chief Council (MCC) စသည့် အဖွဲ့အစည်းများနှင့် မနေ့က အိုင်ဇောလ်မြို့ Baptist ခန်းမတွင်တွေ့ ဆုံ ဆွေးနွေး ခဲ့ ကြပြီးနောက် KSDC ၏ပြည်နယ် ရရှိရေး လှုပ်ရှားမှုကို ၎င်းတို့အနေဖြင့်ထောက်ခံကြောင်း ဆုံးဖြတ် ချက်ချ မှတ်ခဲ့ကြသည်ဟု ZORO အတွင်းရေးမှူး Pu Chhuana က ခိုနူမ်းထုန် ကိုပြောသည်။
“ ကူကီးဆိုတာက ကျနော်တို့ Zohnahthlak (ဇိုးအနွယ်ဝင်) တွေဖြစ်တယ်၊ ကူကီးဆိုတဲ့နာမည်က ဘင်္ဂါလီစကားဖြစ် တယ်၊ တကယ်တော့ ကူကီးလည်း Zo ဘဲဖြစ်တယ်၊ ဒါကြောင့် ကျနော်တို့ Zo မျိုးနွယ်စုဖြစ်တဲ့ ကူကီးတွေရဲ့ လှုပ်ရှားမှု ကို အားပေးထောက်ခံကြတာဖြစ်တယ်’’ ဟု Pu Chhuana ပြောသည်။
KSDC ၏ လှုပ်ရှားမှုနှင့်ပတ်သက်ပြီး ၎င်းတို့၏သဘောထားများကိုလည်း သက်ဆိုင်ရာ အစိုးရထံ ကို တင်ပြပေးသွား မည် ဟု သူကဆက်ပြောသည်။
မနေ့ကပြုလုပ်သော တွေ့ဆုံဆွေးနွေးပွဲတွင် KSDC ဥက္ကဌ Pu Hejang Haokip က ၁၉၈၀ နောက်ပိုင်းတွင် နာဂ တိုင်း ရင်းသားများက မဏိပူရ်ပြည်နယ်ရှိ ကူကီးနယ်မြေများကို စတင် ကျူးကျော်လာပြီး ၁၉၉၂ မှ ၁၉၉၇ အတွင်း NSCN I/M ဦးဆောင်သော နာဂ အဖွဲ့က ကူကီးကျေးရွာပေါင်း ၃၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ အပြစ်မဲ့ပြည်သူ အယောက် ၁၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြကြောင်းပြော ဆိုခဲ့သည်။
ယင်းကိစ္စကို အိန္ဒိယအစိုးထံ အရေးယူပေးရန် အကြိမ်ကြိမ်တင်ပြတောင်းဆိုခဲ့သော်လည်း အိန္ဒိယအစိုးရက တစုံတရာ အကြောင်းပြန်ကြားခြင်း၊ အာရုံစိုက်ပေးခြင်းမရှိသောကြောင့် ကိုယ့်ကိုယ်ကို ကာကွယ်ရန် လက်နက်များ တီထွင်ပြီး ကူကီး အမျိုးသားအစည်းအရုံးကို ဖွဲ့စည်းခဲ့ကြသည်။
အိန္ဒိယအစိုးရက ၂၀၀၅ ခုနှစ်တွင် ကူကီးအမျိုးသားအစည်းအရုံး(KNO) နဲ့ (Suspension of operation) ကို လက်မှတ် ရေး ထိုးနိုင် ခဲ့ပြီးဖြစ်သော်လည်း ၂၀၁၀ ခုနှစ်အထိ နိုင်ငံရေးအရ တွေ့ဆွေးနွေးမှုများဖြစ်မလာနိုင်သောကြောင့် ၂၀၁၀ ခုနှစ်တွင် KSDC ကိုစတင်ဖွဲ့စည်း ကာ ပြည်နယ်ရရှိရေးအတွက် နည်းအမျိုးမျိုးဖြင့် လှုပ်ရှားလာခဲ့ သည်ဟု သိရသည်။
ကူကီးမျိုးနွယ်စုများနှင့် သမိုင်းကြောင်းအရ ညီအကိုတော်စပ်သူများဖြစ်ကြသော မီဇိုးလူထု အနေဖြင့် မိမိတို့၏ လှုပ်ရှားမှုများ ကို ထောက်ခံအားပေးရန် ယနေ့ လာရောက်တောင်း ဆိုရခြင်း လည်းဖြစ်သည်ဟု KSDC ဥက္ကဌ ပြော ဆိုခဲ့ သည်။
အဆိုပါဆွေးနွေးပွဲတွင် ယခင် မီဇိုးအမျိုးသားတပ်ဦး ( MNF) ကာလတုန်းက ၀ါရင့်ခေါင်းဆောင် တဦးဖြစ်ခဲ့ပြီး ယခုအခါ ZORO တွင် ဒု ဥက္ကဌ ရာထူးထမ်းဆောင်နေသော Pu Malsawma Kawlni က မိမိတို့ညီအကို ကူကီးမျိုးနွယ်များကို နာဂလက်နက်ကိုင် အဖွဲ့များက ချေမှုန်းသတ်ဖြတ်ခဲ့ သည့် ဖြစ်ရပ်ကို မိမိတို့ မသိရှိခဲ့ကြောင်း ၊ အလွန်စိတ်ထိခိုက်မိကြောင်း ပြောဆိုခဲ့သည်။
မဏိပူရ်ပြည်နယ်တွင် နေထိုင်ကြသော ကူကီးမျိုးနွယ်များသတ်ဖြတ်မှုကို မိမိတို့အနေနှင့် ကန့်ကွက်ကြောင်း၊ ယင်းကဲ့ သို့ နောက်ထပ်မဖြစ်စေရန်၊ ကူကီး နှင့် နာဂ အကြားဖြစ်ပေါ်နေသော ပြသာနာများကိုလည်း ကြားဝင်ဖြေရှင်းပေးရန် မီဇိုရမ် NGO များက ကိုယ်စားလှယ် တချို့စေလွတ် သွားရန်လည်း စီစဉ်သွားမည်ဟု ZORO အတွင်းရေးမှူးက ပြော သည်။
အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် မဏိပူရ်ပြည်နယ်အတွင်း လူဦးရေ ၂၃ သိန်းခန့်အနက် ကသည်း လူမျိုး ၁၃ သိန်း၊ ကူကီး ၇ သိန်းကျော် နှင့် နာဂ ၃ သိန်းကျော်ခန့် စုပေါင်းနေထိုင်နေကြသည်။ သမိုင်းအထောက်အထားအရ မဏိပူရ်ပြည်နယ်၏ နယ်မြေအများစုသည် ကူကီးမျိုးနွယ်စု များနေ ထိုင်ကြသော ဒေသများဖြစ်သည်ဟု KSDC က ဆိုသည်။
ရှည်လျားသော သမိုင်းကြောင်းအရ ချင်း၊ မီဇိုး(လူရှိုင်း) နှင့် ကူကီး လူမျိုးများသည် တအူတုံဆင်း ညီရင်းအကိုများ ဖြစ်ကြပြီး ယခုချိန်တွင် မီဇိုး ( အိန္ဒိယနိုင်ငံ) နှင့် ချင်း လူမျိုး ( မြန်မာနိုင်ငံ) များက ပြည်နယ်တခုစီ ပိုင်ဆိုင်ထားကြပြီး ကူကီးလူမျိုးများကမူ အိန္ဒိယအရှေ့မြောက်ဒေသတွင် ပြည်နယ် တခုရရှိရန် ကြိုးစားနေကြဆဲဖြစ်သည်။

Keima kanei, Kahet ho chu Kaneilou, Kahetlou hotoh kaki lheh in ahi. Anomchen - By.Mangneo. Malaysia

No comments: