Blog Title

Wednesday, February 12, 2014

ဟာသ ကာတွန်းများ

Keima kanei, Kahet ho chu Kaneilou, Kahetlou hotoh kaki lheh in ahi. Anomchen - By.Mangneo. Malaysia

ထမံသီစီမံကိန်းအတွက် ပြောင်းရွှေ့ခဲ့ရသော ဒေသခံများ နစ်နာကြေးတောင်းဆို

ထမံသီစီမံကိန်းအတွက် ပြောင်းရွှေ့ခဲ့ရသော ဒေသခံများ နစ်နာကြေးတောင်းဆို

ချင်းတွင်းမြစ်ပေါ်ရှိ ထမံသီ ရေအားလျှပ်စစ် တည်ဆောက်ရေး စီမံကိန်း အတွက် ပြောင်းရွှေ့ပေးခဲ့ရ
သည့် ကျေးရွာများမှ ရွာသူရွာသားများက ၎င်းတို့၏ နစ်နာဆုံးရှုံးမှုများအတွက် နစ်နာကြေး ငွေ
ရယူလိုကြောင်း ယခုလ ၂၃ ရက်နေ့ က ပြောသည်။
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအစိုးရသည် မြန်မာပြည် အနောက်မြောက်ဘက် ချင်းတွင်းမြစ်ပေါ်တွင်
ထမံသီရေအား လျှပ်စစ်စီမံကိန်း တည်ဆောက်ရန် ၂၀၀၄ ခုနှစ်က သဘောတူ လက်မှတ်ရေးထိုး
ခဲ့ကြပြီး ၂၀၀၇ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်မှ လေဝေယံနှင့်
တဇုံးကျေးရွာ နှစ်ခုမှ မိသားစု ၃၀၀ ကျော်သည် မိမိတို့ရွာဟောင်းနှင့် မိုင် ၄၀ ကွာဝေးသော နေရာ
သို့ အဓမ္မပြောင်းရွှေ့ခြင်းခံခဲ့ရသည်ဟု ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံးမှ
ဒေါ်ဘွိုင် နူးက ပြောသည်။
"ရွာသားတွေရဲ့ လယ်ယာမြေတွေဟာ မြေတူးစက်နဲ့ ဖျက်ဆီးခံခဲ့ရပါတယ်။ ဖျက်ဆီးခံလိုက်ရတဲ့
လယ်ယာမြေတွေနဲ့ အိမ်တွေပြောင်းရွှေ့ပေးရတဲ့အတွက် ရွာသားအများစုက တစ်အိမ်ကို
ကျပ် ၅,၀၀၀ စီပဲ ရရှိခဲ့ကြပါတယ်" ဟု ၎င်းက ပြောသည်။
ဒေသခံများအနေဖြင့် ၎င်းတို့ကျေးရွာများတွင် တရားဝင်ပြန်လည်နေထိုင်ခွင့် ရရှိရန်နှင့် ဖျက်ဆီးခံခဲ့
ရသည့် စိုက်ပျိုးမြေဧကပေါင်း ၁,၄၀၀ ကျော်အတွက် နစ်နာကြေးငွေများကို အမှတ်(၁) လျှပ်စစ်
ဝန်ကြီးဌာနနှင့် အိန္ဒိယနိုင်ငံ အစိုးရထံသို့ တောင်းဆိုမည်ဖြစ်ကြောင်း သိရသည်။
"စစ်အစိုးရလက်ထက်က ရေကာတာလုပ်မယ်ဆိုပြီး ရွာကိုပြောတယ်။ ရွာပြောင်းပေးရမယ်ပေါ့။
ကျွန်တော်တို့က ရွာရွှေ့ပေးမယ်၊ ကျွန်တော်တို့ကို ဘာလုပ်ပေးမလဲဆိုတော့ လာပြောတဲ့လူက
အဲဒါတော့ သူမပြောနိုင်ဘူးလို့ ပြောတယ်" ဟု တဇုံးကျေးရွာမှ ဦးလူလွန့်က ပြောသည်။
အဆိုပါ ကျေးရွာများတွင် ချင်းနှင့် ရှမ်းလူမျိုးများ နေထိုင်ကြပြီး အများစုမှာ ဗမာစကား မပြော
တတ်ကြပေ။ အဓိက အားဖြင့် ရာသီပေါ်သီးနှံ၊ လက်ဖက်၊ တညင်းစသည်တို့ကို စိုက်ပျိုးကြပြီး
ဝါးနှင့် ငှက်ပျောတို့ကိုလည်း စိုက်ပျိုး ကြကြောင်း သိရသည်။
"တာဝန်ရှိသူတွေက အိမ်မပြောင်းခင်မှာ မပူနဲ့၊ အိမ်က ဆောက်လိုက်တာနဲ့ ပြီးပြီ။ အရင်သာ
ပြောင်းပေးကြလို့ ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြောင်းပေး ပြီးတော့ ဘာမှမလုပ်ပေးခဲ့ဘူး"
ဟု လေဝေယံကျေးရွာမှ ဦးအောင်ထိန်လင်းက ပြောသည်။
ဒေသခံများအား ပြောင်းရွှေ့ပေးခဲ့သည့်နေရာရှိ မြေဆီလွှာမှာ အချဉ်ဓာတ်ပေါက်နေသော
ကျောက်မြေအမျိုးအစားဖြစ်သဖြင့် သီးနှံစိုက်ပျိုး၍မရကြောင်း ၎င်းက ပြောသည်။
"စိုက်ခင်းတွေ မအောင်မြင်ဘူး။ အမျိုးသမီးတွေက ပိုက်ဆံပိုရှိတဲ့ အိမ်တွေမှာ ထင်းပေါက်တာ၊
သန့်ရှင်းရေးနဲ့ အ၀တ်လျှော်တာတွေ လုပ်ရပြီးတော့ အမျိုးသားတွေကတော့ သစ်နဲ့ ပတ်သက်တာ
တွေလုပ်ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အဆင်မပြေဘူး" ဟု ဦးအောင်ထိန်လင်းက ပြောသည်။
ထမံသီ ရေကာတာအား တည်ဆောက်ခြင်းအားဖြင့် သဘာဝပတ်ဝန်း ကျင် ထိခိုက်စေမည်
ဖြစ်သည့်အပြင် လျှပ်စစ်စွမ်းအား ၁၂၀၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးမည့် ထမံသီရေအားလျှပ်စစ်
စီမံကိန်းကြောင့် ဧရိယာအတော်များများ ရေလွှမ်းမိုးမှုအောက် ရောက်ရှိမည် ဖြစ်ကာ လူဦးရေ
၄၅,၀၀၀ ၏ အသက်မွေးမှုလုပ်ငန်းများ ထိခိုက်စေမည်ဖြစ် ကြောင်း ကူကီးအမျိုးသမီးများဆိုင်ရာ
လူ့အခွင့်အရေးအစည်းအရုံးက ပြောသည်။
သို့သော် အဆိုပါရေအားလျှပ်စစ် စီမံကိန်းအား အိန္ဒိယအစိုးရက ရပ်ဆိုင်းကြောင်း ယခုနှစ်ဇွန်လ
တွင် ကြေညာခဲ့ပြီးဖြစ်သည်။
ထမံသီရေအားလျှပ်စစ် စီမံကိန်းအတွက် ဖြစ်နိုင်ခြေများကို ဆန်းစစ်လေ့လာသော ကာလ
(Feasiblity Study) တွင် ရေမြုပ်ဧရိယာများပြား ကြောင်း သိရသည့်အတွက် မြန်မာနိုင်ငံဘက်က
စီမံကိန်းကို ရပ်တန့်စေခဲ့ခြင်း ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ယခုလ ၂၃ ရက်
နေ့က ပြုလုပ်သည့် Myanmar Power Summit ဖွင့်ပွဲအခမ်းအနား မိန့်ခွန်း၌ ထည့်သွင်းပြောကြား
ခဲ့သည်။
"ကျွန်တော်တို့အနေနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံပြည်သူတွေကို ဆိုးရွားစွာထိခိုက်စေမယ့်
ကိစ္စတွေကို ချက်ချင်းရပ်ဆိုင်းပစ်မှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

Keima kanei, Kahet ho chu Kaneilou, Kahetlou hotoh kaki lheh in ahi. Anomchen - By.Mangneo. Malaysia

Kuki ပြည်နယ်ရရှိရေးလှုပ်ရှားမှု အားပေးထောက် ခံကြောင်း မီဇိုရမ် NGO တွေပြော

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် မဏိပူရ်ပြည်နယ်တွင် Kuki ပြည်နယ် ရရှိရေး အတွက် လှုပ်ရှားနေကြသော Kuki State Demand Committee (KSDC) အဖွဲ့၏ လှုပ်ရှားမှုကို အားပေးထောက်ခံကြောင်း မီဇိုရမ်ပြည်နယ်ရှိ အစိုးရ မဟုတ်သော NGO များက ပြောဆို လိုက်သည်။
KSDC ဥက္ကဌ Hejang Haokip ဦးဆောင်သော KSDC ခေါင်းဆောင်တချို့ သည် မီဇိုရမ်ပြည် နယ်သို့ ရောက်ရှိလာကြပြီး ဒေသတွင်းအခြေစိုက် အဲန်ဂျီအို များဖြစ်ကြသော Zo Reunification Organization (ZORO),  Mizo Student Union( MSU) , Mizo Hmeichhia Insui khawm Pawl(MHIP), Mizo Upa Pawl (MUP) နှင့် Mizo Chief Council (MCC) စသည့် အဖွဲ့အစည်းများနှင့် မနေ့က အိုင်ဇောလ်မြို့ Baptist ခန်းမတွင်တွေ့ ဆုံ ဆွေးနွေး ခဲ့ ကြပြီးနောက် KSDC ၏ပြည်နယ် ရရှိရေး လှုပ်ရှားမှုကို ၎င်းတို့အနေဖြင့်ထောက်ခံကြောင်း ဆုံးဖြတ် ချက်ချ မှတ်ခဲ့ကြသည်ဟု ZORO အတွင်းရေးမှူး Pu Chhuana က ခိုနူမ်းထုန် ကိုပြောသည်။
“ ကူကီးဆိုတာက ကျနော်တို့ Zohnahthlak (ဇိုးအနွယ်ဝင်) တွေဖြစ်တယ်၊ ကူကီးဆိုတဲ့နာမည်က ဘင်္ဂါလီစကားဖြစ် တယ်၊ တကယ်တော့ ကူကီးလည်း Zo ဘဲဖြစ်တယ်၊ ဒါကြောင့် ကျနော်တို့ Zo မျိုးနွယ်စုဖြစ်တဲ့ ကူကီးတွေရဲ့ လှုပ်ရှားမှု ကို အားပေးထောက်ခံကြတာဖြစ်တယ်’’ ဟု Pu Chhuana ပြောသည်။
KSDC ၏ လှုပ်ရှားမှုနှင့်ပတ်သက်ပြီး ၎င်းတို့၏သဘောထားများကိုလည်း သက်ဆိုင်ရာ အစိုးရထံ ကို တင်ပြပေးသွား မည် ဟု သူကဆက်ပြောသည်။
မနေ့ကပြုလုပ်သော တွေ့ဆုံဆွေးနွေးပွဲတွင် KSDC ဥက္ကဌ Pu Hejang Haokip က ၁၉၈၀ နောက်ပိုင်းတွင် နာဂ တိုင်း ရင်းသားများက မဏိပူရ်ပြည်နယ်ရှိ ကူကီးနယ်မြေများကို စတင် ကျူးကျော်လာပြီး ၁၉၉၂ မှ ၁၉၉၇ အတွင်း NSCN I/M ဦးဆောင်သော နာဂ အဖွဲ့က ကူကီးကျေးရွာပေါင်း ၃၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ အပြစ်မဲ့ပြည်သူ အယောက် ၁၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြကြောင်းပြော ဆိုခဲ့သည်။
ယင်းကိစ္စကို အိန္ဒိယအစိုးထံ အရေးယူပေးရန် အကြိမ်ကြိမ်တင်ပြတောင်းဆိုခဲ့သော်လည်း အိန္ဒိယအစိုးရက တစုံတရာ အကြောင်းပြန်ကြားခြင်း၊ အာရုံစိုက်ပေးခြင်းမရှိသောကြောင့် ကိုယ့်ကိုယ်ကို ကာကွယ်ရန် လက်နက်များ တီထွင်ပြီး ကူကီး အမျိုးသားအစည်းအရုံးကို ဖွဲ့စည်းခဲ့ကြသည်။
အိန္ဒိယအစိုးရက ၂၀၀၅ ခုနှစ်တွင် ကူကီးအမျိုးသားအစည်းအရုံး(KNO) နဲ့ (Suspension of operation) ကို လက်မှတ် ရေး ထိုးနိုင် ခဲ့ပြီးဖြစ်သော်လည်း ၂၀၁၀ ခုနှစ်အထိ နိုင်ငံရေးအရ တွေ့ဆွေးနွေးမှုများဖြစ်မလာနိုင်သောကြောင့် ၂၀၁၀ ခုနှစ်တွင် KSDC ကိုစတင်ဖွဲ့စည်း ကာ ပြည်နယ်ရရှိရေးအတွက် နည်းအမျိုးမျိုးဖြင့် လှုပ်ရှားလာခဲ့ သည်ဟု သိရသည်။
ကူကီးမျိုးနွယ်စုများနှင့် သမိုင်းကြောင်းအရ ညီအကိုတော်စပ်သူများဖြစ်ကြသော မီဇိုးလူထု အနေဖြင့် မိမိတို့၏ လှုပ်ရှားမှုများ ကို ထောက်ခံအားပေးရန် ယနေ့ လာရောက်တောင်း ဆိုရခြင်း လည်းဖြစ်သည်ဟု KSDC ဥက္ကဌ ပြော ဆိုခဲ့ သည်။
အဆိုပါဆွေးနွေးပွဲတွင် ယခင် မီဇိုးအမျိုးသားတပ်ဦး ( MNF) ကာလတုန်းက ၀ါရင့်ခေါင်းဆောင် တဦးဖြစ်ခဲ့ပြီး ယခုအခါ ZORO တွင် ဒု ဥက္ကဌ ရာထူးထမ်းဆောင်နေသော Pu Malsawma Kawlni က မိမိတို့ညီအကို ကူကီးမျိုးနွယ်များကို နာဂလက်နက်ကိုင် အဖွဲ့များက ချေမှုန်းသတ်ဖြတ်ခဲ့ သည့် ဖြစ်ရပ်ကို မိမိတို့ မသိရှိခဲ့ကြောင်း ၊ အလွန်စိတ်ထိခိုက်မိကြောင်း ပြောဆိုခဲ့သည်။
မဏိပူရ်ပြည်နယ်တွင် နေထိုင်ကြသော ကူကီးမျိုးနွယ်များသတ်ဖြတ်မှုကို မိမိတို့အနေနှင့် ကန့်ကွက်ကြောင်း၊ ယင်းကဲ့ သို့ နောက်ထပ်မဖြစ်စေရန်၊ ကူကီး နှင့် နာဂ အကြားဖြစ်ပေါ်နေသော ပြသာနာများကိုလည်း ကြားဝင်ဖြေရှင်းပေးရန် မီဇိုရမ် NGO များက ကိုယ်စားလှယ် တချို့စေလွတ် သွားရန်လည်း စီစဉ်သွားမည်ဟု ZORO အတွင်းရေးမှူးက ပြော သည်။
အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် မဏိပူရ်ပြည်နယ်အတွင်း လူဦးရေ ၂၃ သိန်းခန့်အနက် ကသည်း လူမျိုး ၁၃ သိန်း၊ ကူကီး ၇ သိန်းကျော် နှင့် နာဂ ၃ သိန်းကျော်ခန့် စုပေါင်းနေထိုင်နေကြသည်။ သမိုင်းအထောက်အထားအရ မဏိပူရ်ပြည်နယ်၏ နယ်မြေအများစုသည် ကူကီးမျိုးနွယ်စု များနေ ထိုင်ကြသော ဒေသများဖြစ်သည်ဟု KSDC က ဆိုသည်။
ရှည်လျားသော သမိုင်းကြောင်းအရ ချင်း၊ မီဇိုး(လူရှိုင်း) နှင့် ကူကီး လူမျိုးများသည် တအူတုံဆင်း ညီရင်းအကိုများ ဖြစ်ကြပြီး ယခုချိန်တွင် မီဇိုး ( အိန္ဒိယနိုင်ငံ) နှင့် ချင်း လူမျိုး ( မြန်မာနိုင်ငံ) များက ပြည်နယ်တခုစီ ပိုင်ဆိုင်ထားကြပြီး ကူကီးလူမျိုးများကမူ အိန္ဒိယအရှေ့မြောက်ဒေသတွင် ပြည်နယ် တခုရရှိရန် ကြိုးစားနေကြဆဲဖြစ်သည်။

Keima kanei, Kahet ho chu Kaneilou, Kahetlou hotoh kaki lheh in ahi. Anomchen - By.Mangneo. Malaysia

သန်းခေါင်စာရင်းကို မျိုးနွယ်စုငယ် အမည်များဖြင့် ကောက်ယူခြင်းမပြုဘဲ ကူကီး အမည်ဖြင့်သာ ကောက်ခံရန် အဆိုပြု

သန်းခေါင်စာရင်းကို မျိုးနွယ်စုငယ် အမည်များဖြင့် ကောက်ယူခြင်းမပြုဘဲ ကူကီး အမည်ဖြင့်သာ ကောက်ခံရန် အဆိုပြု

Written by  အေးမြင့်စန်း
ရန်ကုန်၊ မဇ္ဈိမ။        ။ ၂၀၁၄ မတ်လတွင် ကောက်ခံမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် မျိုးနွယ်စုငယ် အမည်များဖြင့် ကောက်ယူခြင်း မပြုဘဲ ကူကီးတိုင်းရင်းသား  အမည်တစ်မျိုးတည်းဖြင့်သာ ကောက်ခံရန် အတွက် သမ္မတနှင့် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန (လ.၀.က) ထံ တင်ပြတောင်းဆိုသွားမည်ဟု ကူကီး တိုင်းရင်းသားအဖွဲ့စည်းများက ဇန်န၀ါရီ ၆ ရက်က မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ကူကီး အမျိုးသားရေးရာ အဖွဲ့နာယက ဒေါက်တာလျုခိုပေါင်က “ကူကီးလူမျိုးတွေက နှစ်သိန်း နီးပါးရှိတယ် ၊မျိုးနွယ်စုနာမည်တွေ ကွဲပြားသုံးနှုန်းနေတာကို လ၀က အနေနဲ့ သတိထားသင့်ပါတယ်၊ သန်းခေါင် စာရင်းကောက်ခံတဲ့အခါ တိုင်းရင်းသားတွေရဲ့ နာမည်အမှန်တွေဖြစ်စေဖို့ ကူကီးတိုင်းရင်း သားတွေရဲ့ သဘောဆန္ဒကို ရယူပေးဖို့ တောင်းဆိုလိုပါတယ်” ဟု ပြောသည်။
ယင်းသို့ တောင်းဆိုရာတွင် ဇန်န၀ါရီလအတွင်း တောင်းဆိုသွားမည် ဖြစ်ကာ ပြည်တွင်းရှိ တိုင်းရင်းသား ၁၃၅မျိုးတွင် ကူကီးတိုင်းရင်းသားများကို ခေါင်ဆိုင်၊ ဂွီးသဲ၊ ထာဒို၊ ဂန်သဲ အစရှိသည့် မျိုးနွယ်စုငယ် အမည်များစွာဖြင့် ဖော်ပြခြင်းခံရသော်လည်း  ၎င်းတို့၏ ယဉ်ကျေးမှု၊ ရိုးရာ၊ ဓလေ့ထုံးစံ များမှာ အတူတူဖြစ်ခြင်း၊ အချို့ မျိုးနွယ်စုငယ်များတွင် လူဦးရေ နည်းပါးခြင်း စသည်တို့ကြောင့် အမည် ကွဲမျိုးစုံဖြင့် ဖော်ပြနေခြင်းကို ပယ်ဖျက်ပေးရန် ၊ သန်းခေါင်စာရင်း ကောက်ခံရာတွင် ကူကီး တိုင်းရင်းသား အမည်တစ်မျိုးဖြင့်သာ ကောက်ခံပေးရန် တောင်းဆိုခြင်းဖြစ်သည်။
ယင်းသို့ ကောက်ခံရန်နိုင်ရန် အတွက် ဒီဇင်ဘာ ၂၉ ရက်က စစ်ကိုင်းတိုင်း တမူးမြို့တွင် ကျင်းပခဲ့သော ကူကီး တိုင်းရင်းသား ညီလာခံတွင် သဘောတူညီ ခဲ့ကြခြင်းဖြစ်သည်။
လက်ရှိတွင် ကူကီး-ချင်းဟု သုံးနှုန်းရေးသားမှုများရှိနေရာ ကူကီးတိုင်းရင်းသားအချင်းချင်းကြား စိတ်ဝမ်း ကွဲမှုများ၊ မသင့်မြတ်မှုများဖြစ်ပေါ်နေသည်ဟု ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေး အစည်းရုံး ဥက္ကဋ္ဌ ဒေါ်ငိုင်ငိုင်းကပြောသည်။
၎င်းက“ အတိကျသုတေသနမပြုဘဲ နယ်မြေချင်းထိစပ်တယ်ဆိုပြီး ကူကီးကို ချင်းလူမျိုးနဲ့ မှားယွင်း ဖော်ပြကြတယ်၊ ကူကီးဆိုတာ တိုင်းရင်းသားမဟုတ်ဘူး၊ မောင်းထုတ်ခံရမယ်ဆိုတဲ သတင်းတွေ ထွက်နေလို့ ချင်းလူမျိုးတွေထဲ ကူးပြောင်းသွားတာတွေ၊ ပြည်ပကို ထွက်သွားတာတွေရှိနေတယ်၊ လူဝင်မှုကြီးကြပ်ရေးက သတ်မှတ်ပေးတာကိုပဲ အတည်မယူဘဲ ကူကီးတိုင်းရင်းသားတွေကို လွတ်လပ် စွာပြောဆိုခွင့်ပေးပါ “ဟု ပြောသည်။
ပြည်တွင်းတွင် ကူကီးတိုင်းရင်းသား  ၂၀၀၀၀၀ ကျော်သည် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ကလေးမြို့၊ တမူး၊ ဟုမ္မလင်း၊ လေးရှီး၊ ခန္တီးခရိုင်နှင့် ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်များတွင် အခြေချ နေထိုင် လျက်ရှိပြီး ပြည်ပနိုင်ငံများတွင် ကူကီးလူမျိုး ၃၀၀၀၀၀ ခန့်ရှိနေသည်ဟု  ဒေါ်ငိုင်ငိုင်းက ပြောသည်။
မြန်မာပြည် တ၀န်းလုံး ကူကီးတိုင်းရင်းသားများ၏ ညီလာခံကို စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ မြို့သစ်မြို့နယ်ခွဲ ၊ တုန်းကျော် ကျေးရွာတွင် အနယ်နယ် အရပ်ရပ်မှ ကူကီးတိုင်းရင်းသားကိုယ်စား လှယ်ပေါင်း ၃၀၀၀ ကျော်ဖြင့် ဒီဇင်ဘာ ၂၉ နှင့် ၃၀ ရက်များတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးအမည် မှန်ကန်စွာ ဖော်ပြနိုင်ရေး အတွက် အခြား တိုင်းရင်းသားများကလည်း လူဦးစာရင်း ကောက်ယူမှုများ ဆောင်ရွက်နေသည်။

Keima kanei, Kahet ho chu Kaneilou, Kahetlou hotoh kaki lheh in ahi. Anomchen - By.Mangneo. Malaysia

တရားဝင် စစ်ကျွန်ဖြစ်အောင် တွန်းပို့သည့် ရွေးကောက်ပွဲဟု ကူကီး အမျိုးသမီးအသင်းကပြော

တရားဝင် စစ်ကျွန်ဖြစ်အောင် တွန်းပို့သည့် ရွေးကောက်ပွဲဟု ကူကီး အမျိုးသမီးအသင်းကပြော

စစ်အစိုးရပြုလုပ်ပေးမည့် ရွေးကောက်ပွဲသည် ပြည်သူလူထုအား တရားဝင်စစ်ကျွန်အဖြစ်သို့ ရောက်အောင် တွန်း ပို့သည့်ရွေးကောက်ပွဲဖြစ်သည်ဟု ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး (KWHRO)က ကြေ ညာချက်ထုတ်ပြန်....
စစ်အစိုးရပြုလုပ်ပေးမည့် ရွေးကောက်ပွဲသည် ပြည်သူလူထုအား တရားဝင်စစ်ကျွန်အဖြစ်သို့ ရောက်အောင် တွန်း ပို့သည့်ရွေးကောက်ပွဲဖြစ်သည်ဟု ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး (KWHRO)က ကြေ ညာချက်ထုတ်ပြန်သည်။

အိန္ဒိယ မြန်မာနယ်စပ်တစ်နေရာတွင် ယခုလ (၄) ရက်မှ (၈) ရက်အထိ ပြုလုပ်ကျင်းပခဲ့သည့် ပဉ္စမအကြိမ် မြောက် ညီလာခံအပြီး ယင်းကြေညာချက်ကို ထုတ်ပြန်ခြင်းဖြစ်သည်။

နိုင်ငံတကာမှ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန် ရည်ရွယ်ခြင်းသာဖြစ်၍ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲမဟုတ်သည့်အတွက် ကန့်ကွက်ရခြင်းဖြစ်သည်ဟု အဖွဲ့ အထွေထွေအတွင်းရေးမှူး နှူးငါငိုင်းက ယခုလိုပြောသည်။

“ကျမတို့ပြည်သူတွေအတွက်လည်း အကျိုးမရှိ၊ ကျမတို့ တိုင်းရင်းသားတွေအတွက်လည်း အကျိုးမရှိ၊ ကျမတို့ ကူကီးတွေအတွက်လည်း လုံးဝ အကျိုးမရှိတဲ့ ဒီရွေးကောက်ပွဲကို ကျမတို့အနေနဲ့ လုံးဝ  ဆန့် ကျင်တယ်။ ကန့်လည်း ကန့်ကွက်တယ်။”

ထို့အပြင် ချင်းတိုးတက်ရေးပါတီ (CPP) မှ ကူကီးဒေသအတွင်း ရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှုများသည် ကူကီး လူမျိုးများ၏ တော်လှန်ရေးလှုပ်ရှားမှုကို အဟန့်အတားဖြစ်စေသည့်အတွက် (KWHRO)က ကန့်ကွက်ကြောင်း ကြေငြာချက်၌ ဖော်ပြထားသည်။

စစ်အစိုးရမှ ပြုလုပ်လျှက်ရှိသည့် ထမံသီရေအားလျှပ်စစ်စီမံကိန်းကြောင့် ဒေသတွင်းရှိ ကျေးရွာပေါင်း ၄၀ ကျော် ဖျက်ဆီး ခံခဲ့ရပြီး လူထုအတွက် တစ်စုံတစ်ရာအကျိုးဖြစ်ထွန်းမှု မရှိသည့်အတွက် ယင်းစီမံကိန်း ရပ်တန့်ပေးရန် စစ်အစိုးရထံ တောင်းဆို ထားသည်ဟု နှူးငါငိုင်းက ပြောသည်။

“အတင်းအဓမ္မပြောင်းရွှေ့ခိုင်းပြီးတော့မှ လယ်ယာမြေတွေသိမ်းတာ၊ အိမ်တွေကိုဖျက်တာ၊ ဘူဒိုဇာတွေ နဲ့ ဖြိုချလိုက် တာတွေ။ အဲလိုဖြစ်ခြင်းအားဖြင့် လူထုက တအားဒုက္ခရောက်တယ်။ အခုဟာက ဒီရေကာ တာက ဆက်လုပ်နေတဲ့ပုံစံမျိုး ကျမတို့မြင်နေ၊ တွေ့နေရတယ်။ ဒါကိုဖြစ်နိုင်မယ်ဆိုရင်တော့ ရပ်လိုက် တာကောင်းမယ်ပေါ့နော်။”

ထို့အပြင် စစ်အစိုးရ ပြောင်းရွှေ့ခိုင်းသည့် နေရာအသစ်တွင် ကျေးရွာနာမည်ပေးရာ၌ ဒေသခံ တိုင်းရင်းသားတို့၏ အမည်ဖြင့် မည့်ခေါ်ခြင်းမပြုသည့်အတွက် ရေရှည်တွင် လူမျိုးတုန်းစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆက်ပြောသည်။

“သူတို့က ရွာကိုလည်း ဖျက်လိုက်ပြီးတော့မှ  ရွှေပြည်အေးဆိုတဲ့ ဗမာနာမည်နဲ့ ရွာကို ဆောက်ပေးပြီး အဲလိုမျိုး နေခိုင်းတယ်။”

လယ်ယာမြေများအား အဓမ္မသိမ်းယူခဲ့စဉ်က လျော်ကြေးပေးသော်လည်း “သူတို့က ပေးတော့ ပေးတယ်။ ဒါ ပေမယ့် သူတို့ပေးတဲ့ဟာက သိန်းသုံးရာတန်တဲ့ဟာကို နှစ်သိန်း၊ သုံးသိန်း ပေးတာမျိုးပေါ့နော်။ သူတို့ ဖျက်လိုက်တုန်းကတော့ အိမ်ကြီးအိမ်ကောင်းတွေကို ဖျက်လိုက်ပြီး မှ တကယ်တန်းသူတို့ပေးတဲ့ငွေက တဲအိမ်တောင် ဆောက်လို့မရဘူးလေ။ အဲဒီတော့ လူထုက တအားနစ်နာတယ်။” ဟုဆက်ပြောသည်။

ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး (KWHRO) အား ၁၉၉၉ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့ တွင် ဖွဲ့စည်းခဲ့သည်။


Keima kanei, Kahet ho chu Kaneilou, Kahetlou hotoh kaki lheh in ahi. Anomchen - By.Mangneo. Malaysia