Blog Title

Saturday, September 11, 2010

Blog News

အိန္ဒိယ-မြန်မာနယ်စပ် ဖြတ်ခ စတင်ကောက်ယူ

ဇာနည်မာန် Wednesday, September 08, 2010

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်၊ တမူးမြို့နှင့် နမ့်ဖာလုံတို့မှ မဏိပူရ်ပြည်နယ်၊ မိုးရေးမြို့သို့ ကူးသန်းသွားလာသည့် မြန်မာ နိုင်ငံသားများ ယနေ့မှ စ၍ နယ်စပ်ဖြတ်ကျော်ခ ပေးဆောင်ရန် အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက ညွန်ကြားလိုက်သည်။

မိုးရေးမြို့သို့ ကုန်သွယ်မှုနှင့် ခရီးသွားလည်ပတ်မှုအတွက် လာရောက်သော မြန်မာနိုင်ငံသားများအနေဖြင့် နယ်စပ်ဂိတ် အမှတ် (၁) နှင့် (၂)ရှိ အမှတ် ၃၁ အာသံရိုင်ဖယ်တပ် ၀န်ထမ်းများထံတွင် မှတ်ပုံတင်များပြသရမည်ဖြစ်ပြီး နယ်စပ် ဖြတ်ကျော်ခွင့် အတွက် ရူပီး ၁၀ ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အရာရှိတဦးက သတင်းထောက် များ ကို ယမန်နေ့က ပြောကြားသည်။
အဆိုပါ နယ်စပ်ဖြတ်ကျော်ခွင့်မှာ မနက် ၇ နာရီမှ ညနေ ၄ နာရီအထိ တနေ့တာအတွက်သာဖြစ်ပြီး နယ်စပ်မျဉ်းမှ ၁၆ ကီလိုမီတာ အတွင်းသာ သွားလာခွင့်ရှိသည်ဟု ဆိုသည်။

မိုးရေးမြို့ခံ တဦးက“မြန်မာဘက်ကလာရင် ရူပီး ၁၀ ပေးရတယ်။ ဒီနေ့စတယ်လေ။ နေ့ချင်းပြန်ပဲတဲ့။ ပေးတဲ့သူလည်းပေး၊ အများစုကတော့ ဒီလိုပဲ သွားတဲ့သူလည်း သွားလိုက်ကြတာပဲ”ဟု ပြောပြသည်။
နယ်စပ်ဖြတ်ကျော်ခွင့် သတ်မှတ်လိုက်ခြင်းဖြင့် နယ်စပ်ကုန်သွယ်ရေးအတွက် ကောင်းမွန်သော အကျိုးသက်ရောက်မှုများ ရှိလာနိုင်သည်ဟု အိန္ဒိယ-မြန်မာ နယ်စပ်အရေး လေ့လာသူများက ဆိုသည်။

“နှစ်ဘက်ကုန်သည် အချင်းချင်းမှာ ငွေလိမ်တာတွေ၊ ကုန်မှန်မှန် မပေးတာမျိုးတွေလို ပြဿနာ လေးတွေကနေ တခြား ကိစ္စတွေလည်းရှိတော့ ဒီလိုလုပ်ပေးလိုက်တာက နယ်စပ်ကုန်သွယ်မှု တိုးတက်ရေးအတွက် အလားလာကောင်းရဖို့ ခြေ တလှမ်းတက်တယ်လို့ ပြောလို့ရတာပေါ့”ဟု နယ်စပ်အရေး လေ့လာသူ တဦးက ပြောသည်။

ယခင်က နယ်စပ်မြန်မာကုန်သည်များအနေဖြင့် အခကြေးငွေ ပေးဆောင်ရခြင်းမရှိဘဲ မိုးရေးမြို့သို့ ၀င်ထွက်သွားလာနိုင် ကြပြီး ထိုမှ ပြည်နယ်မြို့တော် အင်ဖား အထိ ကုန်သွယ်ရေးကိစ္စများအတွက် သွားလာခြင်းမျိုးလည်းရှိသည်။အိန္ဒိယနိုင်ငံသားများအနေဖြင့်မူ နမ့်ဖာလုံရှိ မြန်မာ လူဝင်မှုကြီးကြပ်ရေးဌာနတွင် နိုင်ငံသား အထောက်အထားစာရွက်များ ထားခဲ့ရပြီး တမူးမြို့အထိ တနေ့တာ သွားလာခွင့်ရှိကာ နယ်စပ်ဖြတ်ကျော်ခွင့်အတွက် ရူပီး ၁၀ ပေးရသည်။ အထောက် အထား စာရွက်များ ပြန်ယူရန်မေ့ခဲ့ပါက ရူပီး ၁၀၀ ဒဏ်ငွေဆောင်ရသည်ဟု သိရသည်။

မိုးရေး-တမူး နယ်စပ်လမ်းမှ အိန္ဒိယနှင့် မြန်မာထွက်ကုန်များဖြစ်သည့် ဆန်၊ အ၀တ်အထည်၊ ချည်ထုပ်၊ အစားအသောက် နှင့် လူသုံးကုန်ပစ္စည်းများ ကူးသန်းရောင်းဝယ်ကြသည်။
မဏိပူရ်ပြည်နယ် မိုးရေး-တမူး နယ်စပ်ဂိတ်သည် မြန်မာ-အိန္ဒိယနယ်စပ် ဆက်သွယ်ထားသော နယ်စပ်ကုန်သွယ် ဂိတ် ပေါက် များတွင် မြန်မာနိုင်ငံသားများကို နယ်စပ်ဖြတ်ကျော်ခွင့် ကောက်ခံမည့် ပထမဆုံး နယ်စပ်ဂိတ်ဖြစ်လာမည်ဟု နယ်စပ် အရေး လေ့လာသူ က ဆိုသည်။

အိန္ဒိယသို့ ကုန်သွယ်ရေးနှင့် အလုပ်လုပ်ရန်လာသော မြန်မာနိုင်ငံသား အများစု အသုံးပြုသည့် နယ်စပ်ဖြတ်ကျော်လမ်းမှာ မဏိပူရ်ပြည်နယ် မိုးရေး-တမူး လမ်း၊ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်း-ကလေး လမ်းတို့ဖြစ်ကြသည်။ထို့အပြင် နယ်စပ်ဒေသ လုံခြုံရေးနှင့် အိန္ဒိယ ခွဲထွက်ရေးသူပုန်များ၏ ၀င် ထွက်သွားလာမှုကို ထိန်းချုပ်နိုင်ရေးအတွက် ထိုကဲ့သို့ စီမံခြင်းလည်းဖြစ်သည်ဟု နယ်စပ် အရေး လေ့လာသူက ပြောဆိုသည်။

“ခွဲထွက်ရေးသူပုန်တွေက မြန်မာနိုင်ငံထဲမှာ နေနေတယ်ဆိုတာရယ်၊ သူတို့တွေက လုပ်ငန်းကိစ္စတချို့အတွက် မြန်မာနိုင်ငံ သားတချို့ကို ခိုင်းတာတွေ ရှိတယ်ဆိုတာကို အိန္ဒိယ အာဏာပိုင်တွေက သိလာကြတော့ နယ်စပ်ခြံစည်းရိုးခတ်ဖို့၊ အခုလို စစ်ဆေးတာတွေလုပ်ဖို့ စီမံလာကြတာလည်း ပါတယ်”ဟု ၎င်းကပြောသည်။

“၉၄ လောက်တုန်းကတည်းက ဒီလိုပဲ နားလည်မှုနဲ့ သွားလာနေကြတာ။ ဖမ်းတာဆီးတာ သိပ်မရှိခဲ့ဘူး။ အခုနှစ်ထဲမှာတော့ တလကို ၁၅ ရက်လောက်က တအားစစ် တအားဖမ်းတာတွေ လုပ်လာတော့ အာသံရိုင်ဖယ်တပ်ရှိတဲ့ တန်နိုပယ်လ်မှာဆို အင်ဖား ဘက်ကို ဆင်းလာတဲ့သူတွေ မိတာတွေ ခဏခဏ ကြားလာရတယ်”ဟု ၎င်းကဆက်လက်ပြောဆိုသည်။
မီဇိုရမ်ပြည်နယ်အတွင်း ပန်းထိမ်၊ ယက်ကန်း စသည့် အလုပ်များ လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ရွှေ့ပြောင်း လုပ်သား များကို ဖမ်းဆီး၍ နေရပ်ပြန်ပို့ခြင်းများလည်း သြဂုတ်လ အတွင်းက ဖြစ်ပွားခဲ့သည်။

အိန္ဒိယခွဲထွက်ရေး သူပုန်များဖြစ်သည့် အာသံပြည်နယ် ခွဲထွက်ရေး သူပုန်များသည် မြန်မာနိုင်ငံတွင်း ခိုအောင်းနေသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိပြီး အိန္ဒိယ-မြန်မာ နှစ်နိုင်ငံပူးပေါင်း၍ တိုက်ထုတ်ရန် သဘောတူညီချက်နှင့် နယ်စပ် တလျှောက် ခြံစည်းရိုးခတ်၍ နှစ်နိုင်ငံနယ်စပ်ကူးသန်းမှုများကို ထိန်းချုပ်မှုများပြုရန် စီစဉ်ခဲ့ကြသည်။

မဏိပူရ်ပြည်နယ် အာသံရိုင်ဖယ်တပ်(တောင်ပိုင်း)မှ ဗိုလ်ချုပ် C.A. Krishanan ကလည်း နှစ်နိုင်ငံ နယ်စပ် ခြံစည်းရိုး ခတ်ခြင်းမှာ ၈ ကီလိုမီတာပြီးစီးနေပြီဖြစ်၍ သတ်မှတ်ထားသည့်အချိန်အတိုင်း ပြီးစီးအောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု စက်တင်ဘာ ၆ ရက်နေ့က သတင်းထောက်များကို ပြောဆိုထားသည်။

နယ်စပ်ကုန်သွယ်မှုပြုနေသည့် မိုးရေးမြို့တွင်မူ နယ်စပ်ခြံစည်းရိုးခတ်ခြင်းများကို ယနေ့ အထိ မတွေ့ရသေးကြောင်း မြို့ခံ များက ဆိုသည်။
အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံ နယ်နိမိတ်မှာ ၁၆၄၃ ကီလိုမီတာ ရှိကြောင်း သိရသည်။


မြန်မာဇာတ်ကား အမေရိကန် ရုပ်ရှင်ပွဲတော်တွင် ပြမည်


 
အမေရိကန် နိုင်ငံတွင် ပြုလုပ်မည့် မင်နီဆိုတာ အာရှ (Asia Film Festival of Minnesota) ရုပ်ရှင်ပွဲတော်တွင် မြန်မာ ဇာတ်ကားများ ပါဝင်ပြသနိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။


Asia Film Festival of Minnesota ရုပ်ရှင်ပွဲတော်ကို နိုဝင်ဘာ ၃ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။ အမေရိကန် ရုပ်ရှင်ပွဲတော်တွင် သွားရောက်ပြသမည့် “မြစ်” ဗီဒီယို ဇာတ်ကားမှ ဇာတ်ဝင်ခန်း တခန်း (ဓာတ်ပုံ - planet.com.mm)

မြန်မာနိုင်ငံ ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်နိုင်ရန် အမေရိကန် နိုင်ငံရှိ Network of Myanmar American Association (NetMAA) က မြန်မာ ဗီဒီယို ထုတ်လုပ်ရေး တခုဖြစ်သော ဆာတိုရီကို ဖိတ်ခေါ်ထား သည်ဟု NetMAA မှ ကိုအောင်မင်းနိုင်က ပြောသည်။

“ပြီးခဲ့တဲ့လက Myanmar Film Festival of Los Angeles (MFFLA) ဆိုပြီး ရုပ်ရှင်ပွဲ လုပ်ခဲ့တယ်။ ဒီပွဲမှာ မြန်မာ ဇာတ်ကားတွေနဲ့ ပတ်သက်ပြီး လူတော်တော် သိသွားခဲ့တယ်။ ဒါနဲ့ Asia Film ပွဲတော် ကျရင်လည်း ၀င်ပြိုင်နိုင်ဖို့ တာဝန်ယူ လုပ်ပေးပါ ဆိုတာနဲ့ ပြည်တွင်းကို ကမ်းလှမ်း ဖြစ်ခဲ့တာ” ဟု သူက ဆိုသည်။

NetMAA သည် အမေရိကန်ရောက် မြန်မာများအတွက် ရည်ရွယ်၍ မြန်မာ့အနုပညာ၊ ယဉ်ကျေးမှု၊ ရုပ်ရှင်နှင့် သီချင်းများ၌ ပိုမိုတိုးတက်မှု ရှိစေရန် ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းဖြစ်သည်။
အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်တွင်ကျင်းပသည့် MFFLA ရုပ်ရှင်ပွဲတော်တွင် သြဂုတ်လ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့က “ရင်ခုန်နှင်းဆီ” နှင့် “ပုံပြင်ဟောင်း” ရုပ်ရှင် ဇာတ်ကားများအား ပြသခဲ့ကြောင်း သိရသည်။
Asia Film Festival of Minnesota ရုပ်ရှင်ပွဲတော်တွင် အာရှ နိုင်ငံများမှ ဇာတ်ကား ၂၈ ကား ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာ ဇာတ်ကားအနေနှင့် ဆာတိုရီ ဗီဒီယို ထုတ်လုပ်ရေးမှ “မြစ်” (The River ) နှင့် တခြား ဗီဒီယို ဇာတ်ကား တကား ပါဝင်ပြသ မည်ဟု သိရသည်။

“ဖလင်ဆိုတဲ့ အတွက် ရုပ်ရှင်ကားကြီးဖြစ်မှရမယ်၊ ဗီဒီယို ဖြစ်ရင်မရဘူး ဆိုတာမျိုး မဖြစ်စေချင်ဘူး။ အဓိကကတော့ ဘာကိုမှ မှီငြမ်းမထားတဲ့ ဇာတ်ကား မျိုးဖြစ်ရမယ်။ ကိုယ်ပိုင် စိတ်ကူး၊ ကိုယ်ပိုင်ဖန်တီးမှုတွေနဲ့ ရိုက်ထားတဲ့ ကား လိုချင်တာကြောင့် ရွေးဖြစ်ခဲ့တာ” ဟု ကိုအောင်မင်းနိုင်က ဆက်ပြောသည်။

“မြစ်” ဇာတ်ကားနှင့် ပတ်သက်၍ ဆာတိုရီ ထုတ်လုပ်ရေးမှ ဦးမျိုးဇော်က “မကွေးနဲ့ မင်းဘူးကြားမှာ ရှိတဲ့ ကျွန်းလေး တကျွန်းမှာ နေတဲ့ လူငယ်တယောက်ရဲ့အချစ်ဇာတ်လမ်းလေးကို ရိုက်ပြထားတာ။ ဒီကျွန်းက နွေရာသီဆို ပေါ်လာပြီး မိုးရာသီဆို ပြန်ပျောက်သွားတယ်။ လူတွေက ကျွန်းလေးပေါ်လာပြီဆို ရောက်လာတယ်။ ပြီးရင် ပြန်သွားတယ်။ ဒီလို ရှိနေတဲ့ သဘာဝ တရားတွေကိုလည်း ရိုက်ပြထားတယ်” ဟု ပြောသည်။

“မြစ်” ဇာတ်ကားကို ပြည်ပတွင် သွားရောက်ပြသနိုင်ရန် အင်္ဂလိပ်စာတန်းထိုးပြင်ဆင်မှုများ ပြုလုပ်နေကြောင်း၊ ကိုယ်ပိုင် ဖန်တီးထားသည့် ဇာတ်ကား လိုချင်သည် ဆိုခြင်းကြောင့် ယင်းဇာတ်ကားအား ပေးပို့ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သူက ဆိုသည်။
“နိုင်ငံတကာ အဆင့်မီ၊ အရမ်းကို အရည်အသွေးပြည့်နေတဲ့ ဇာတ်ကား မဟုတ်ပေမယ့် ကိုယ့်အနေနဲ့ အတွေ့အကြုံရအောင် ထင်မြင်ချက်တွေ၊ ဝေဖန်ချက်တွေ ရအောင် ၀င်ပြိုင်တဲ့သဘောပါ” ဟု ယင်းက ပြောသည်။ မြန်မာ့ ရုပ်ရှင် အဆင့်အတန်းမီသည်ဟု မပြောနိုင်သေးကြောင်း၊ နိုင်ငံတကာမှ ဇာတ်ကားများကို ၀ယ်ယူလာမှသာ အဆင့်အတန်း မီသည်ဟု ပြောနိုင်မည်ဖြစ်ကြောင်း ဒါရိုက်တာတဦးက ဆိုသည်။

“ဟိုးအရင်ကထက် စာရင်တော့ ကင်မရာပိုင်းမှာ တော်တော်တိုးတက်လာပေမယ့် အသံပိုင်းမှာတော့ ဘယ်လိုမှ မလုပ်နိုင် သေးပါဘူး။ ဒီလို အားနည်းချက်တွေ ရှိနေတဲ့ အပြင် တဖက်မှာလည်း ဆင်ဆာနဲ့ ကန့်သတ်ခံရ တာတွေလည်း ရှိနေ တော့ အရည်အသွေး နိမ့်ကျတာတွေ ဖြစ်လာတယ်။ ဘာကြောင့် ဆင်ဆာဖြတ်တယ်ဆိုတာကို နားမလည်နိုင် လောက်အောင် ဖြစ်တယ်။ သူတို့မှာ တိတိကျကျသတ်မှတ်ထားတာလည်းမရှိဘူး” ဟု သူက ဆိုသည်။

“ရုပ်ရှင်ပွဲတော်မှာ မြန်မာ ဇာတ်ကား သွားပြရမယ်ဆိုရင် အစိုးရက သတ်မှတ်ပေးတဲ့ ကားကိုပဲ သွားပြရတယ်။ ကိုယ့် စိတ်ကြိုက်လည်း ရွေးခွင့် မရသလို၊ ပြည်ပပရိသတ်ကြိုက်တဲ့ ကားကိုလည်းရွေးခွင့်မရတဲ့ ပြဿနာတွေရှိတယ်။ ဒီလို အပြင်ကနေ အခွင့်အရေးတွေ ရလာတာ ကောင်းပါတယ်” ဟု သူက ဆက် ပြောသည်။

မြန်မာ့ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများ ပြည်ပသို့ မထိုးဖောက်နိုင်ခြင်းသည် ငွေကြေးလိုအပ်ချက်များခြင်းကြောင့်လည်း ဖြစ်ကြောင်း၊ ငွေကြေး လိုအပ်ချက်ကြောင့် ပြည်တွင်း ဈေးကွက်ကို အခြေပြု၍ ပြည်တွင်း ပရိသတ် အခြေအနေကို ဦးတည်ကာ ရိုက်ကူးနေကြရကြောင်း အဆိုပါ ဒါရိုက်တာ ပြောဆိုသည်။

PR များကို နိုင်ငံသား ခံယူခိုင်း၍ စင်ကာပူရောက် မြန်မာများ အခက်တွေ့

စိုင်းဇွမ်ဆိုင်း Friday, September 10, 2010
စင်ကာပူနိုင်ငံတွင် အမြဲတမ်း နေထိုင်ခွင့် (Permanent Residents-PR) လက်မှတ် ကိုင်ဆောင်ထား သူများကို နိုင်ငံသားအဖြစ် ပြောင်းလဲခံယူရန် ညွှန်ကြား လိုက်သဖြင့် စင်ကာပူရောက် မြန်မာနိုင်ငံသားများ အခက်တွေ့နေကြောင်း သိရသည်။
၂၀၀၈ ဧပြီလက ဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် မဲပေးရန် မြန်မာ သံရုံးရှေ့တွင် စောင့်ဆိုင်းနေသော စင်ကာပူရောက် မြန်မာများက ၎င်းတို့၏ နိုင်ငံကူးလက်မှတ်ကို မြှောက်ပြစဉ် (ဓာတ်ပုံ - Reuters)

စင်ကာပူ လူဝင်မှု ကြီးကြပ်ရေး ဌာနက PR လက်မှတ် ကိုင်ဆောင်ထား သူများကို နိုင်ငံသား အဖြစ်ပြောင်းလဲ ခံယူရန် တိုက်ရိုက် ညွှန်ကြား ထားခြင်း ဖြစ်ပြီး မလုပ်ဆောင် သူများကို သက်တမ်း ထပ်မံ တိုးပေးတော့မည် မဟုတ်ကြောင်း သတင်းရရှိသည်။

စက်တင်ဘာလ ၆ ရက်နေ့ တွင်လည်း စင်ကာပူ ဝါရင့်ဝန်ကြီး ဂိုချုပ်တောင်က PR များကို နိုင်ငံသား အဖြစ် ခံယူကြရန် တိုက်တွန်း ထားသည်။
“စင်ကာပူနိုင်ငံမှာ PR ဦးရေ ၅ သိန်း လောက်ရှိပါတယ်။ အဲဒီထဲကမှ ၅ သောင်းလောက်က စင်ကာပူ နိုင်ငံသား အဖြစ် ခံယူမယ်ဆိုရင် ဒါဟာ စင်ကာပူနိုင်ငံရဲ့ စီးပွားရေးကို အထောက်အကူ ပြုလိုက်တာနဲ့ အတူတူပါပဲ” ဟု ဂိုချုပ်တောင်က ပြောကြောင်း သတင်းများတွင် ဖော်ပြထားသည်။

သို့သော် စင်ကာပူနိုင်ငံမှ PR လက်မှတ်ရ မြန်မာနိုင်ငံသား အများစုသည် နိုင်ငံသားခံယူရန် ဆန္ဒမရှိကြကြောင်း၊ နိုင်ငံသားအဖြစ် ခံယူရန် ငြင်းဆန်လျှင်လည်း ၎င်းတို့၏ လက်ရှိအနေအထားမှာ ပို၍ ကျပ်တည်းသွားနိုင်ကြောင်း၊ မြန်မာနိုင်ငံသားများအတွက် ဘေးကျပ်နံကျပ် အခြေအနေဖြစ်ကြောင်း မြန်မာနိုင်ငံသားတဦးက ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်လက်၍ “ကျနော်သိရသလောက်က PRကိုင်ထားတဲ့သူ အများစုက မိသားစုတွေနဲ့လေ။ တကယ်လို့ သူတို့က နိုင်ငံသား ခံယူဖို့ ငြင်းမယ်ဆိုရင် PRကို သက်တမ်းတိုးပေးတော့မှာ မဟုတ်ဘူး။ EP (Employment Pass) နဲ့ပဲ နေရမယ်။ အဲဒါဆိုရင် သူတို့အတွက် အခွန်တွေ၊ ကလေး ကျောင်းစရိတ်တွေကအစ ဈေးပိုကြီးလာတော့မယ်” ဟု ရှင်းပြသည်။

စင်ကာပူနိုင်ငံတွင် PR လက်မှတ် ကိုင်ဆောင်သူများတွင် မြန်မာနိုင်ငံသားများအပြင်၊ တရုတ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံသားများ ဖြစ်ကြပြီး ၎င်းတို့အနက် တရုတ်နိုင်ငံသားဦးရေ အများဆုံးဖြစ်သည်ဟု သိရသည်။

PR လက်မှတ်ကို ဆယ်နှစ်ကျော် ကိုင်ဆောင်ထားပြီး စင်ကာပူနိုင်ငံသားအဖြစ် ခံယူခြင်း မရှိသေးသူ မြန်မာတဦးက “ဒီကို ရောက်ခါစ ကျောင်းတက်တုန်းက အရမ်း အနှိမ်ခံရတယ်။ ဆရာ၊ ဆရာမတွေကအစ နှိမ်တယ်။ အဲဒါက ကလေးဘဝတုန်းက ဖြစ်ခဲ့တယ်ဆိုပေမယ့်လည်း အခုထက်ထိ စွဲနေတယ်။ နောက်တခုက တနေ့တနေ့ကို လူတွေ အကုန်လုံးက ပိုက်ဆံနောက် လိုက်မယ်ဆိုတာပဲ တွေ့နေရတယ်။ အဲဒီလိုနေရာမျိုးက ကိုယ်အသက်ကြီးသွားရင် ဘယ်လိုမှ နေနိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် နိုင်ငံသား မခံချင်တာလည်းပါတယ်” ဟု သူ၏ သဘောထားကို ပြောပြသည်။

မြန်မာနိုင်ငံသားအဖြစ်မှ စင်ကာပူနိုင်ငံသားအဖြစ် ပြောင်းလဲခံယူမှုသည် တဦးချင်းစီ၏ ဆုံးဖြတ်ချက်အပေါ်၌သာ မူတည်ကြောင်း၊ စင်ကာပူနိုင်ငံသားအဖြစ် ခံယူသူ မြန်မာပြည်မှ လူအများစုမှာ မြန်မာနိုင်ငံတွင် ဧည့်နိုင်ငံသားကတ် (FRC) ကိုင်ဆောင်ကြသည့် တရုတ်လူမျိုးများနှင့် နိုင်ငံခြားတွင် အမြဲ အခြေချ နေထိုင်ရန် ဆုံးဖြတ်ထားသူ လူငယ်အများစုဖြစ်ကြောင်း စင်ကာပူနိုင်ငံတွင် ဆရာမအဖြစ် အလုပ်လုပ်ကိုင်နေသူတဦးက ပြောသည်။

၎င်းက “Passport လေး ပြောင်းလိုက်တာနဲ့ ကိုယ်က မြန်မာ မဟုတ်တော့ဘူး ဆိုတာမျိုး မဟုတ်ဘူးလေ။ ကိုယ်က မြန်မာပြည်ကို ချစ်နေတုန်းပဲ” ဟု ဆိုသည်။

စင်ကာပူနိုင်ငံတွင် ဆယ်နှစ်ကျော် နေထိုင်လာသူ မြန်မာတဦးက “စင်ကာပူမှာ ရှိနေတဲ့ PR တော်တော်များများက ပညာတတ်တွေ၊ အလုပ်အကိုင် အတွေ့အကြုံရှိတဲ့သူတွေ၊ အရည်အချင်း ရှိတဲ့သူတွေများတယ်။ အဲဒီလိုလူတွေကို နိုင်ငံသားပေးလိုက်တာက စင်ကာပူနိုင်ငံအတွက် အကျိုးယုတ်စရာ လုံးဝမရှိဘူးလေ” ဟု ပြောသည်။

PR လက်မှတ် ကိုင်ဆောင်သူများကို နိုင်ငံသားခံယူခွင့် ပေးခြင်းသည် တိုးပွားမှုနှေးနေသော စင်ကာပူလူဦးရေ အတွက် အထောက်အကူဖြစ်နိုင်ရန်နှင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန် စင်ကာပူအစိုးရက ရည်ရွယ်ထားခြင်းဖြစ်ကြောင်း စင်ကာပူရောက် မြန်မာများက ဆိုသည်။
စင်ကာပူနိုင်ငံသားအဖြစ် ပြောင်းလဲခံယူလိုက်ခြင်းအားဖြင့် ကောင်းကျိုးများ ရရှိနိုင်သကဲ့သို့ ဆိုးကျိုးများလည်း ရှိနိုင်သည်ဟု စင်ကာပူနိုင်ငံသားအဖြစ် ခံယူထားသူ မြန်မာတဦးက ပြောသည်။

စင်ကာပူနိုင်ငံသား ဖြစ်လာလျှင် အခွန်မြင့်မားစွာ ပေးဆောင်ရန် မလိုတော့ခြင်း၊ စင်ကာပူ နိုင်ငံကူးလက်မှတ်သည် တခြားနိုင်ငံကြီးများသို့ သွားလာရန် လွယ်ကူခြင်း၊ စင်ကာပူနိုင်ငံတွင် အိမ်၊ ခြံ၊ မြေ ဝယ်ယူရာတွင် ဈေးနှုန်း ချိုသာခြင်း စသည်တို့ ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

စင်ကာပူ နိုင်ငံသားအဖြစ် ခံယူခြင်းမရှိသေးပါက မြန်မာနိုင်ငံသားတဦး အနေဖြင့် တလလျှင် ဝင်ငွေ၏ ၂၀ ရာခိုင်နှုန်းကို မြန်မာသံရုံးသို့ ပေးဆောင်ရပြီး စင်ကာပူနိုင်ငံသား ဖြစ်သွားပါက တနှစ်ဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းကိုသာ စင်ကာပူအစိုးရထံ ပေးဆောင်ရကြောင်း သိရသည်။
စင်ကာပူနိုင်ငံရောက် မြန်မာတဦးက “တချို့ Citizen ခံလိုက်တဲ့သူတွေ ပြောတာကတော့ မြန်မာ သံရုံးမှာ အခွန်မဆောင်ချင်ဘူး။ အဲဒီဆောင်ရမယ့် ငွေတွေကို မြန်မာပြည်သူတွေဆီ တိုက်ရိုက် ကူညီလိုက်တာ ပိုကောင်းတယ်လို့ ပြောကြတယ်”ဟု ပြောသည်။

စင်ကာပူနိုင်ငံသားအဖြစ် ခံယူပြီးပါက မြန်မာနိုင်ငံသည် နိုင်ငံသား ၂ မျိုး (Dual Citizenship) ခံယူမှုကို ခွင့်မပြုသဖြင့် မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွှတ်ရခြင်း၊ မြန်မာနိုင်ငံမှ ပိုင်ဆိုင်မှုများကို စွန့်လွှတ်ရခြင်း၊ မြန်မာနိုင်ငံသို့ အလည်အပတ် ပြန်မည်ဆိုပါက ဗီဇာကြေး နှစ်ဆ ပိုပေးရခြင်း၊ မြန်မာနိုင်ငံတွင်းမှ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ခရီးသွားစရိတ်များကိုလည်း နိုင်ငံခြားသားတဦးအနေဖြင့် ပေးဆောင်ရခြင်း၊ အသက်အရွယ် ကြီးရင့်သူများအနေဖြင့် မြန်မာပြည်သို့ ပြန်လည်နေထိုင်လိုပါက ခက်ခဲခြင်းများသည် ဆိုးကျိုးများဟု ဆိုနိုင်ကြောင်း စင်ကာပူနိုင်ငံသား ခံယူထားသူ မြန်မာက ရှင်းပြသည်။

၂၀၀၉ ခုနှစ်အထိ စင်ကာပူနိုင်ငံတွင် လူဦးရေ ၄.၉၈ သန်းရှိပြီး ကုန်ပစ္စည်း တင်ပို့ခြင်းလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းလုပ်ငန်း၊ ဓာတုဗေဒလုပ်ငန်း နှင့် ရေနံဓာတုလုပ်ငန်းတို့ကို အဓိကထား လုပ်ကိုင်သည်။

No comments: